“ဆြာသူရဿဝါ၏ အိုင်တီတဲရော့ အချစ်ဗေဒင်ဟောစာတမ်းကြီး”
ကျွန်ုပ် ဗေဒကဝိ ပညာရှိ ဆြာသူရဿဝါ သည်ကား အမျိုးမျိုး အစုံစုံ အဖုံဖုံသော ဗေဒင်တွက်နည်း များဖြင့် တွက်ချက် သမှု ပြုရခြင်း အလုပ်တွင် ငြီးငွေ့လာသည် ဖြစ်သည်နှင့် အညီ နိုင်ငံရပ်ခြား သိုးဆောင်းသားတို့ ဗေဒင် ကဝိ တွက်ချက် ဘိသည့် ဖဲချပ်အလား တဲရော့ကဒ်များကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တီထွင်ဖန်တီး အသုံးပြုရန် အလို့ငှာ စိတ်အကြံ ရလေသည်။ အထူးသဖြင့် Net Guide ဂျာနယ်၏ စာဖတ် ပရိသတ်များ ဖတ်ရှု လေ့လာ ကြမည် ဖြစ်သဖြင့် ခေတ်မှီ ဆန်းပြားစွာသော အိုင်တီ တဲရော့ကဒ်များ အနေဖြင့် အထူးတလည် ဟောကြား လိုက်ရပေသည်။ ချစ်စွာသော စာဖတ်သူတို့ အနေနှင့် Your Freedom, Hacker, Touch Screen, CD-DVD Rom, Virus, UPS, Connection ဟူသော ကဒ်ကြီး ၇ ချပ်ကို ယူငင်ကိုင်ဆကာ မျက်လုံးမှိတ် နံကြားထောက်ပြီး အံကြိတ်၍ အိုင်တီ တဲရော့ကဒ် တစ်ကဒ်ကို ရွေးချယ် ပါလေ။
သင်ရွေးချယ်မိသော ကဒ်မှာ Your Freedom ဖြစ်သည် ရှိအံ့။ ၄င်း Your Freedom သည် ပိတ်ထားသော .. ဖွင့်မရသော Website များကို ဖွင့်ရန် အလို့ငှာ ကျော်သည့် ခွသည့် အဓိပ္ပါယ်ကို ဆောင်လေသဖြင့် သင့်အား သူငယ် နှပ်စား သဖွယ် သဘောထားကာ အမျိုးစုံ ကြိုးခုန်မည့် ချစ်သူရည်းစားမျိုးနှင့် ဆုံရမည် ဟူသော ဟောကိန့်း ထွက်လေ၏။ သင့်အား ဘက်ဖက်က လှိမ့်လိုက်၊ ညာဖက်က ပတ်လိုက်နှင့် အလွန့်အလွန် ဥာဏ်နီ ဥာဏ်နက် များမည် ဖြစ်လေရာ သင့်အနေနှင့် သတိကြီးကြီး ထား၍ ဆက်ဆံရမည် ဖြစ်သော ဟူ၏။
သင်ရွေးချယ်မိသော ကဒ်မှာ Hacker ဖြစ်သည် ရှိအံ့။ ၄င်းသည် သင်တို့ သိထားပြီး ဖြစ်သည့်အတိုင်း ခိုးယူ ဖောက်ထွင်းခြင်း သဘောကို ဆောင်လေ သဖြင့် သင်သည် ကောင်းကောင်းကြီး အနှပ်ခံရပေအံ့။ သင်၏ ချစ်သူ ဖြစ်လာ လတ္တံ့သော ကြင်ဖော်သည် သင့်အား ညာတာပါတေး မလိမ့်တပတ်ဖြင့် သင်၏ ရှိရှိသမျှ အိတ်ကတ်များ အတွင်းမှ အဖိုးတန် ပစ္စည်းများအား Hacking လုပ်ချေမည် ဖြစ်လေရာ သင့်အနေနှင့် လက်ထိပ်တစ်ကွင်း အဆင်သင့် ဆောင်ထား၍ ၄င်းအား ဆက်ဆံပေါင်းသင်း ရမည်ဖြစ်သည်ဟု အဟောထွက်၏။
သင်ရွေးချယ်မိသော ကဒ်မှာ Touch Screen ဖြစ်သည် ရှိအံ့။ Touch Screen တို့၏ သဘော သဘာဝမှာ နှိပ်စရာ ခလုပ် မပါရှိဘဲ လက်မ သို့မဟုတ် လက်ညှိုးတို့ဖြင့် ပွတ်မှသာ အလုပ် လုပ်သည် ဖြစ်သဖြင့် သင်ကြုံတွေ့ရမည့် ချစ်သူ ရည်းစားမှာ နှိပ်စရာ ခလုပ် မပါရှိဘဲ လက်မ လက်ညှိုးတို့ဖြင့် ပွတ်မှသာ အလုပ် လုပ်သည် ဖြစ်သဖြင့် … (အလို .. ဘယ်လိုကြီး ပါလိမ့် … ပြန်ပြင် ဟောမှပဲ) သင်ကြုံတွေ့ရမည့် ချစ်သူ ရည်းစားမှာ သင့်အနားတွင် ပွတ်သီးပွတ်သတ်ဖြင့် ကြောင်လေး တစ်ကောင်ကဲ့သို့ ချွဲနွဲ့နေထိုင် ရသည်ကို နှစ်သက်သူ ဖြစ်ပေ၏။ သင်၏ ကြင်နာ ယုယမှုကို သဘောကျ၍ သင့်အား အလွန်တရာ ချစ်ခင်သူ ဖြစ်မည် ဆိုသော်လည်း သင်သည် အလွန်တရာ အလုပ်ရှုပ်မည့် အရေးပင် ဖြစ်သည်ဟု ကြိုတင်၍ သတိပေး ရပေသည်။
သင်ရွေးချယ်မိသော ကဒ်မှာ CD-DVD Rom ဖြစ်သည် ရှိအံ့။ ၄င်းသည် အခွေမရှိလျှင် ငြိမ်ငြိမ်လေး နေ၍ CD/ VCD အခွေ တစ်ခွေခွေ ထည့်မည်ဟု ကြံစည်၍ ခေါ်သော အခါမှ ထွက်လာသည် ဖြစ်ပြီး အခွေထည့်ပေး ပြီးသော အခါတွင်လည်း ခပ်တည်တည် ပြန်ဝင် သွားတတ်သည့် သဘောရှိလေရာ သင်ကြုံတွေ့ရမည့် လက်တွဲဖော်သည် သင့်ဘဝထဲတွင် ငြိမ်ငြိမ် မနေဘဲ သင့်ဆီ ပြန်လာလိုက် ထွက်သွားလိုက်ဖြင့် ဂဏာမငြိမ်သည့် သူမျိုး ဖြစ်မည်ဟု ဆိုနိုင်ပြီး သေချာသော အဟော တစ်ခုမှာ CD ခွေတည်းဟူသော ဥစ္စာပစ္စည်း မရှိသည့်အခါတွင် သင့်အနား မလာဘဲ သူ့နေရာသူ ငြိမ်ကုတ် နေမည်ဖြစ်ပြီး CD ခွေတည်းဟူသော ပစ္စည်းဥစ္စာကို မြင်သောအခါ သင့်အနားသို့ ရောက်လာ၍ CD Rom ထဲသို့ CD ပြားထည့်ခြင်း တည်းဟူသော သဘောအတိုင်း သင့်ထံမှ ပစ္စည်းဥစ္စာကို ရပြီးသော အခါတွင် သင့်အနားမှ ပြန်လည် ထွက်ခွာ သွားမည့်သူ ဖြစ်ပေမည် ဟူသော ဟောကိန်း ထွက်လေ၏။
သင်ရွေးချယ်မိသော ကဒ်မှာ Virus ဖြစ်သည် ရှိအံ့။ သင်သည် သတိကြီးကြီး ထားရတော့မည် ဖြစ်လေ၏။ အဘယ်ကြောင့် ဆိုသော် သင်၏ ဘဝသည် ကွန်ပျူတာ တစ်လုံးဖြစ်ပါက သင်၏ ချစ်သူ ရည်းစားသည် ကွန်ပျူတာထဲ Virus ရောက်သကဲ့သို့ သင့်ဘဝထဲသို့ ဘယ်ကနေ ဘယ်လိုမှန်းမသိ ဝင်ရောက်လာပြီး သင့်အား နာဂစ်သဖွယ် မွှေမည့် သူမျိုး ဖြစ်ပေသည်ဟု ဟောကိန်း ထွက်လေ၏။ ဗိုင်းရပ် ဆိုသော အမည်နှင့် လျှော်ညီစွာပင် သင့်ဘဝအား ဗိုင်းခနဲ ရပ်သွားအောင် စွမ်းဆောင်နိုင်သည့် အာဂ ချစ်သူရည်းစားမျိုး ဖြစ်၍ ဗိုင်းရပ်စ် ဝင်လျှင် ကွန်ပျူတာ တစ်လုံးလုံး လေးလံ နေသကဲ့သို့ သင်သည် ၄င်းနှင့် တွေ့ဆုံပြီး Virus အကိုက်ခံရ သကဲ့သို့ဖြစ်၍ သင့်ဘဝအား လေးလံထိုင်းမှိုင်းအောင် လုပ်မည့် သူမျိုး ဖြစ်ချေ၏။
သင်ရွေးချယ်မိသော ကဒ်မှာ UPS ဖြစ်သည် ရှိအံ့။ UPS ၏ သဘောအရ မီးအားပြည့် နေချိန်တွင် ကွန်ပျူတာ အား ထိန်းသိမ်း ကွပ်ကဲ၍ မထိခိုက်အောင် ကာကွယ် ပေးထားမည် ဖြစ်သော်လည်း မီးအား အပြည့်အစုံ မရရှိသည့် အခါတွင် တတွီတွီ တတွံတွံ အော်မြည်၍ နားမခံသာအောင် ရှိလိမ့်မည် ဖြစ်လေသည်။ ထို့ကြောင့် သင်၏ ချစ်သူ ရည်းစားသည် စိတ်ကြည်လင် နေသည့် အချိန်တွင် သင့်အား ကလေး တစ်ယောက် သဖွယ် ကာကွယ် စောင့်ရှောက်မည် ဖြစ်သော်လည်း ၄င်းစိတ်အလို မကျသည့် အချိန်နှင့် တိုးပါက သင့်အား တဖျစ်တောက်တောက် ပြောဆို မြည်တွန်၍ အလွန်တရာ နားဒုက္ခ ပေးမည့်သူ ဖြစ်မည်ဟု အဟောထွက် လေ၏။ ထို့ကြောင့် သင်သည် နားထဲ ဆို့ထားရန် ဂွမ်းအထုပ်လိုက် ဝယ်ယူ ထားတတ်မှသာ အဆင်ပြေမည် ဟူ၏။
သင်ရွေးချယ်မိသော ကဒ်မှာ Connection ဖြစ်သည် ရှိအံ့။ ၄င်းသည်ကား ကျွန်ုပ်၏ တဲရော့ ကဒ်များထဲတွင် အစွမ်း အထက်ဆုံးနှင့် ကြောက်စရာ အကောင်းဆုံး ဖြစ်ချေ၍ သင်သည် ဤကဒ်ကို ရွေးချယ် မိသည်မှာ ငါးပါးမှောက် သည်နှင့်မခြား ရှိမည် ဖြစ်ကာ ကျွန်ုပ် စီရင်အပ်သော တဲရော့ကဒ် များအနက် အထူးကဒ် ဖြစ်သည်နှင့် လျော်ညီစွာ အထူး ဟောစာတမ်းကို ဟောကြား ပေအံ့။ Connection ဆိုသည်မှာ ကျလိုက် တက်လိုက် သဘော ရှိသည်ဖြစ်၍ သင်ကြုံဆုံ ရမည့် ချစ်သူ ရည်းစားသည် အခုတစ်မျိုး တော်ကြာတစ်မျိုး နှစ်မျိုး ရှိသည် ဖြစ်လေ၏။ ထို့အပြင် Connection တို့၏ သဘောအရ ကောင်းနေချိန်တွင် မတည်ငြိမ် တတ်သော်လည်း ကျပြီဆိုလျှင် တည်ငြိမ် လေးနက်စွာ ပြန်မတက်စတမ်း ကျသည်ဖြစ်၍ သင်၏ ချစ်သူ ရည်းစားသည် ကောင်းသော ကိစ္စများ ဆုံးဖြတ်ရာတွင် စိတ်ကယောင်ခြောက်ခြား ဖြစ်တတ် သော်လည်း မကောင်းသည့် ကိစ္စ တစ်ခုခုကို ဆုံးဖြတ်ပြီးလျှင်မူ နောက်လှည့် မကြည့်စတမ်း ပြတ်သားသူတစ်ဦး ဖြစ်ချေသည် ဟူ၍ ဟောကိန်း ထွက်လေ၏။ ထိုသို့သော သူမျိုးနှင့် ကြုံဆုံရသည် ဖြစ်၍ သင်သည် မမြဲခြင်းတရားကို လက်ကိုင် ထားတတ်သော စိတ်ဓါတ် တည်ငြိမ်သူ တစ်ဦးဖြစ်မှသာ အဆင်ပြေမည် ဖြစ်ပြီး စိတ်ခိုင်သူတစ်ဦး မဟုတ်ပါက သွက်သွက်ခါအောင် ရူးသွပ် လောက်အောင် ခံစားရမည် ဖြစ်သဖြင့် ကိုယ့်ကိုယ်ကို စိတ်မချပါက မရရအောင် ရုန်းထွက် သင့်သည်ဟု အကြံပြုလိုက်ရလေ၏။
ဤတွင် ကျွန်ုပ် ဗေဒကဝိ ပညာရှိ သူရဿဝါ၏ အိုင်တီတဲရော့ အချစ်ဗေဒင် ဟောစာတမ်းကြီး ပြီးလေ၏။ နောင် အခါသင့်၍ အခွင့်သာ ဦးမည် ဆိုပါက နောက်ထပ် ဥာဏ်နီဥာဏ်နက် ထွက်သမျှသော ကိစ္စရပ်များ အားလုံးကို ဗေဒင် တဲရော့ကဒ် အသွင် ဖန်တီး၍ ဟောစာတမ်းများ ထပ်မံထုတ်ဖော် ရေးသားဦးမည် ဖြစ်သဖြင့် “မကြာမီ .. လာမည် … မျှော်” ကြပါရန် ချစ်သော ပရိသတ်များအား လေးစားစွာ ပန်ကြားလိုက်ရပေသတည်း။

No comments:
Post a Comment